Eye 4 Pp
23.4.22
23.9.20
အွန်လိုင်းယဉ်ကျေးမှုနှင့်မျက်စိကျန်းမာရေး(၁၅/၉/၂၀၂၀ ရက်နေ့ထုတ်ရတနာပုံသတင်းစာပါဆောင်းပါး)
ဆီလီယာရီမာဆယ်(Ciliary muscle)အလုပ်လုပ်ပုံ
အွန်လိုင်းယဉ်ကျေးမှု အားကောင်းလာသည်နှင့်အမျှ လူကြီးလူငယ် သုံးပါးသောအရွယ်စုံတို့၏ နေ့စဉ် မျက်စိသုံးစွဲချိန်သည် ပိုများလာသည်။နေ့အချိန်များတွင်သာမက ညအိပ်ချိန်များကိုပါ ဖဲ့၍ သုံးစွဲလာကြသည် ကိုတွေ့ရ၏။ ယခုအခါ ထိုသို့တကိုယ်ရည်သုံးစွဲမှုများအပြင် ရုံးလုပ်ငန်းများ ၊ကျောင်းသင်ခန်းစာပို့ချချက်များ ၊ အစည်းအဝေးပွဲများကိုလည်း ကြုံတွေ့ရင်ဆိုင်နေကြရသော အခြေအနေများအရ အွန်လိုင်းဖြင့်ဆောင်ရွက် နေကြရသည်ကို တွေ့ကြရပါမည်။သို့ဖြစ်ရာ ပို၍ပို၍သုံးလာရန်သာ အလားအလာရှိသော မိမိမျက်စိ၏ကျန်းမာ ရေး အတွက် ဘယ်သူမပြု မိမိမှုဟူသောဆိုရိုးစကားအတိုင်း မိမိကိုယ်တိုင် ဂရုစိုက်ကျရတော့မည်ဖြစ်ပါသည်။ ထို့ပြင်လည်း မိမိတို့၏လူမမယ်ကလေးများကို မျက်စိကျန်းမာရေးကောင်းနေစေရန်အတွက်ကိုလည်း အလေး ထားကြရမည်ဖြစ်ပေသည်။
အမြင်အာရုံကိုဖြစ်စေသော မျက်စိ၏အဂ်ါအစိတ်အပိုင်းများတွင်မျက်ကြည်လွှာ(Cornea)၊ မျက်စိရှေ့ခန်း (Anterior Chamber)ရှိ မျက်စိရည်ကြည်(Aqueous humor)၊မျက်စိတွင်းမှန်ဘီလူး(Lens)၊မျက်စိနောက်ခန်း (Posterior Chamber)ရှိ မျက်စိရည်ပြစ်(Vitreous humor)၊မြင်လွှာ(Retina)၊မျက်စိနှင့်ဦးနှောက်ကိုဆက်သွယ် ထားသောအာရုံကြောများ(Optic Nerves)အမြင်အာရုံနှင့်ဆိုင်သော ဦးနှောက်၏အစိတ်အပိုင်း(Occipital lobe) တို့ပါရှိသည်။ဤဆောင်းပါး၌ ၎င်းတိုးအားလုံး စံချိန်မီကောင်းမွန်နေသော အခြေအနေတွင်ကာယကံရှင် ၏ မျက်စိအသုံးပြုပုံမှာယွင်းမှုကြောင့် အဝေးမှုန်လာခြင်း(မျက်မှန်လိုလာခြင်း)၊မျက်မှန်သုံးစွဲပုံ မှားယွင်းမှု ကြောင့် မျက်မှန်ပါဝါတက်လာခြင်း(ပါဝါတိုးလာခြင်း) အကြောင်းများကို အဓိကရေးသားလိုပါသည်။မွေးရာပါ မျက်စိမှုန်သူ(congenital Refractive error)များအတွက်မရည်ရွယ်ပါ။
ယနေ့ခေတ် လူနေမှုပုံစံတွင် အခန်းအောင်းလှျက် သို့တည်းမဟုတ် မိမိတဉီးတည်း သီးသန့်နေသော အလေ့အကျင့်၊အဝေးသို့ကြည့်ရန်မေ့လျော့လျှက် အနီးကြည့်အလုပ်များ(စာဖတ်ခြင်း၊ဖုန်း တက်ပလက် လက် တော့ အသုံးပြုခြင်းများ)ကိုသာ တစိုက်မတ်မတ် လုပ်နေကြသော အလေ့အကျင့်များသည်၊အဝေးမှုန်ရခြင်း၏ အကြောင်းရင်းဖြစ်သည်ကို တွေ့ကြရ၏။ထိုနည်းတူကျင့်သုံးသော သက်ကြီးအနီးမှုန် လူကြီးများ သည်လည်း၊ အနီးကြည့်မျက်မှန် ပါဝါတိုးစေသော အကြောင်းရင်းများ ဖြစ်ပါသည်။လူ့ခန္ဓာကိုယ်ရှိ အဂ်ါအစိတ်အပိုင်းများ၏ သဘောသဘာဝအရ အသုံးနည်းသော အစိတ်အပိုင်းသည် ထိုင်းမှိုင်းလေးလံလာတတ်သော သဘောရှိရာ၊ မျက်စိသည်လည်း ထိုသဘာဝအတိုင်းပင်ဖြစ်ပါသည်။
အဝေးကြည့်နည်းသော ကလေးသူငယ်များသည် ဆယ်ကျော်သက်အရွယ်မှစတင်ကာ အဝေးမှုန် ဖြစ်ပွား မှုနှုန်း မြင့်မားသည်ကို တွေ့ကြရ၏။ အနီးကြည့်မျက်မှန်တပ်ရသောလူကြီးများမူ ကား၊အသက်ကြီး လာသော အခါ အခြားသောကြွက်သားများ အားနည်းလာသည့်နည်းတူမျက်စိတွင်းရှိ အမြင်အာရုံကိုချိန်ဆပေးသော ကြွက်သားများအားနည်းလာခြင်း၊သဘာဝမှန်ဘီလူးသည် သာမန်ထက်ပို၍ မာလာသောကြောင့် ပြောင်းလဲ ချိန် ဆမှုနှေးကွေးသွား၍ အနီးကြည့်မျက်မှန်တပ်ကြရသည်ဖြစ်ရာ၊အနီးကြည့်အကွာအဝေးကို တသမတ်တည်းကြာ ရှည်စွာကြည့်လျှင် ချိန်ဆမှု ပို၍ပို၍ နှေးသွား၏။ထိုအခါ အသက်အပိုင်းအခြားအရ ရှိသင့်ရှိထိုက်သော မျက်မှန် ပါဝါထက် ပို၍လာလေသည်။
အတွင်းတိမ်အမျိုးမျိုးနှင့်သဘာဝမှန်ဘီလူး(၃၀-၇-၂၀ရက်နေ့ထုတ် ရတနာပုံသတင်းစာတွင်ဖော်ပြခြင်းခံရသောဆောင်းပါး)
အတွင်းတိမ်ဆိုသည်မှာ မျက်စိတွင်းရှိသဘာဝမှန်ဘီလူး(Lens)သည် မှန်ကဲ့သို့ ရေကဲ့သို့ ကြည်လင်နေ ရမည်အစား အကြောင်းအမျိုးမျိုးကြောင့် နောက်ကျိသွားခြင်း၊အလင်းတန်းဖြတ် သန်းနိုင်ခြင်းမရှိတော့ပဲ ပိတ်ဆို့သွားခြင်းဖြစ်ကြောင်း မျက်စိကျန်းမာရေးဗဟုသုတ လိုက်စားသူ တိုင်း သိကြပြီးဖြစ်ပါလိမ့်မည်။ ထိုသို့သိကြပြီးသည့်နောက် အတွင်းတိမ်တစ်မျိုးတည်းရှိသည်လား၊ သို့တည်းမဟုတ် အမျိုးမျိုးရှိသည်လား၊ ရှိလျှင်လည်း မည်ရွေ့မည်မျှရှိသနည်း၊ တစ်မျိုးခြင်းစီ၏ လက္ခဏာ၊သင်္ကေတများကား မည်သို့နည်း စသည်ဖြင့် ဗဟုသုတအလို့ငှာ သိလိုကြလိမ့်မည်ဟု ယူဆ၍ ဤဆောင်းပါးကိုရေးပါသည်။
အတွင်းတိမ်အကြောင်းကိုပြောမည်ဆိုလျှင် အတွင်းတိမ်ဖြစ်ပွားရာ မျက်စိတွင်းရှိ သဘာဝ မှန်ဘီလူးအကြောင်းပါမှသာ ပြည့်စုံမည်ဖြစ်သည်။ ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်မည် လည်းဖြစ်၏။ မျက်စိမှန်ဘီလူးသည် မျက်နက်ဝန်း(Iris)နှင့် မျက်စိရည်ပျစ်(Vitreous)တို့ အကြား၊ မျက်စိရှေ့ပိုင်းအခန်းငယ်(Anterior Chamber)၏အတွင်းဖက်အကျဆုံးအပိုင်းတွင် တည် ရှိ၏။ မပျော့မမာ(semi solid) နှစ်ဖက် ခုံးပုံသဏ္ဍာန်(biconvex) ရှိပြီး၊ အလင်းတန်းကောင်းစွာ ဖြတ် သန်းနိုင်သော အလင်းပေါက်ပစ္စည်း(transparent) ဖြစ်သည်။ကြည်လင်တောက်ပသော အကြော မျှင်များဖြင့် ဖွဲ့စည်းထားသည်။မှန်ဘီလူး(Len)ကိုအခွံပျော့(Capsule) ဖြင့်ဖုံး အုပ်ထားသည်။မှန်ဘီ လူး၏ပတ်ပတ်ပတ်လည်ကို ဆံခြည်မျှင်ကြွက်သား(Zoonule) များဖြင့် ဆိုင်းလျှက်ရှိပြီး၊၎င်းကြွက် သားမျှင်များသည် ဆီလီယာရီမာဆယ်(Ciliary muscle)ခေါ်ကြွက်သားဝိုင်းဖြင့် ဆက်လျှက်ရှိ သည်။ မျက်စိ၏ အဝေးအနီး အမြင်အာရုံကိုချိန်ဆပေးရာတွင် ဆီလီယာရီမာဆယ်သည် အရေး ပါ၏။
အတွင်းတိမ်သည် မျက်စိတွင်းမှန်ဘီလူးတွင် ဖြစ်ပွားသည်ဖြစ်ရာ မှန်ဘီလူးအတွင်း စတင်ဖြစ်ပွားရာနေရာကို မူတည်၍ အောက်ပါအတိုင်း သုံးမျိုးကွဲပြားသည်ကိုတွေ့ကြရပါသည်။
(၁)နျူးကလိယပ်စ်မှစတင်သောအတွင်းတိမ်(Nuclear sclerotic cataract)
(၂)မှန်ဘီလူးအခွံမှစတင်သောအတွင်းတိမ်(Cortical cataract)
(၃)မှန်ဘီးလူးနောက်ကျောမှစတင်သောအတွင်းတိမ်(Posterior subcapsular cataract) ဟူ၍ဖြစ်၏။
(၁)နျူးကလိယပ်စ်မှစတင်သောအတွင်းတိမ်(Nuclear sclerotic cataract)
အဖြစ်များသောအတွင်းတိမ်အမျိုးအစားဖြစ်သည်။မှန်ဘီလူး၏ အလယ်ဗဟိုရှိ နျူးကလိ ယပ် (Nucleus) မှစတင်ဖြစ်ပွား၏။ နျူးကလီးယပ်စ်သည် အဝါရောင်သန်းရာမှ တဖြည်းဖြည်း အ ရောင်တိုး၍ရင့်လာပြီး မာ၍အလင်းပိတ်လာမည်။ အမြင်အာရုံလည်း တဖြည်းဖြည်းချင်း ပို၍ဆိုးလာ မည်ဖြစ်၏။
နျူးကလိယပ်စ်အတွင်းတိမ်သည်အသက်ကြီး၍ဖြစ်သော သဘာဝဖြစ်စဉ်တစ်ခုဖြစ်သည်။ မှန်ဘီလူး၏အလယ်တွင်ရှိသော နျူးကလိယပ်စ်အတွင်း နောက်ကျိလျှက်ဖြစ်ပွားသော အလင်း ပိတ်မှုသည်သိသာ ထင်ရှား၏။ နျူးကလိယပ်စ်မာ၍လာသောကြောင့် ၎င်းဖြစ်စဉ်ပေါ်ပေါက် လာရ ခြင်းဖြစ်သည်။မျက်စိပညာရှင်များအသုံးပြုသော ကိရိယာများဖြင့်ကြည့်လျှင် အနီရောင်အဆင့်၊ အညိုရောင်အဆင့်၊အလင်းပိတ်အဆင့် စသည်ဖြင့် မှန်ဘီလူး၏ရောင်ပြန်အဆင့်ဆင့်ကို တွေ့ကြရ သည်။ နျူးကလိယပ်စ်အတွင်းတိမ်သည် လူသားများတွင်သာမက ခွေး၊ ကြောင်၊ မြင်း စသော တိရိစ္ဆာန် များတွင်ပါ အရွယ်ရင့်မှု၏သင်္ကေတအဖြစ် တွေ့ရသည်။
အသက်ငယ်စဉ်တွင်မျက်စိတွင်းရှိမှန်ဘီလူးသည် ကြည်လင်လျှက်ရှိ၍ အလင်းတန်းများ ကိုကောင်းစွာ ဖြတ်သန်းစေနိုင်သောကြောင့် မျက်စိ၏အဓိကအရေးပါသော အမြင်အာရုံသည် ကောင်းနေခြင်းဖြစ်သည်။အရာဝတ္တုပုံရိပ်များကို ပြတ်သားထင်ရှားစွာမြင်နိုင်ရန်အတွက် မျက်စိ တွင်းမှန်ဘီလူး၏ကြည်လင်မှု အရည်အသွေးသည် အထူးအရေးပါ၏။အသက်ကြီးရင့်လာမှုသည် လည်းကောင်း၊အခြားသောရောဂါတစ်စုံတစ်ရာဖြစ်ပွားမှုသည်လည်းကောင်း၊ စတီးရွိုက်ဆေးများ လွန်ကဲစွာမီဝဲခဲ့ရခြင်းသည်လည်းကောင်း၊နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည် နှင့် ထိတွေ့မှုများခြင်းသည်လည်းကောင်း၊ မျက်စိတွင်းမှန်ဘီးလူး၏ကြည်လင် သန့်ရှင်းမှုကိုထိခိုက်စေ သောအကြောင်းရင်းများဖြစ်ပါသည်။
မှန်ဘီလူး၏အတွင်းပိုင်း အလယ်တည့်တည့်တွင် အစေ့အဆန်သဖွယ်ရှိနေသော နျူကလိ ယပ်စ်တဖြည်းဖြည်းမာလာရာမှ အစပြုသောကြောင့် နျူကလိယပ်စ်မာလာသည့် အတွင်းတိမ် ( Nuclear sclerotic cataracts)ဟု ခေါ်ခြင်းဖြစ်ပါသည်။၎င်းအတွင်းတိမ်ရင်မှည့်လာသော အခါ တွင် အရောင်အသွေးသည် အဖြူရောင်အဖြစ်သို့ပြောင်းလဲလာပြီး၊ အထူး ကိရိ ယာများဖြင့် ပင်ကြည့်စရာမလိုပဲ မျက်စိသူငယ်အိမ်တွင်းရှိ အဖြူရောင်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နိုင် ပါသည်။ နျူကလိယပ်စ်အတွင်းတိမ် စ၍ဖြစ်ခါစတွင် မျက်စိနှင့်အမြင်အာရုံကို သိသာထင်ရှားစွာ ပြောင်းလဲမှုမရှိသဖြင့် ကာယကံရှင်ကိုယ်တိုင်မသိသည်ကများ၏။တဖြည်းဖြည်းဖြင့်ပြောင်းလဲလာ သောဖြစ်စဉ်တွင် အောက်ပါအခြေအနေသို့ရောက်မှသာ ကာယကံရှင်က သတိပြုမိတော့၏။
(က)အဝေးကြည့် သိသာစွာမှုန်လာခြင်း၊မျက်မှန်ဖြင့် အမြင်အာရုံအပြည့်အဝ မရတော့ခြင်း။
(ခ) မျက်မှန်ဖြင့်စိတ်တိုင်းမကျ၍ မျက်မှန်ပါဝါမကြာခဏ စစ်ဆေးလာရခြင်း။
(ဂ) မြင်ကွင်းအတွင်းဝါးတားတား၊ပုံရိပ်အထပ်များ၊ရောင်ခြည်စက်ဝန်းများ(လထီးဆောင်းသကဲ့သို့) မြင်လာ၏။
တခါတရံ ကာယကံရှင်၏ ကြည့်ရှုပုံပြောင်းလဲလာသည်ကို ကိုယ်တိုင် သတိမထား မိသော်လည်း ပတ်ဝန်းကျင်ရှိ အတူနေသူများ (မိသားစုဝင်၊သူငယ်ချင်း၊မိတ်ဆွေပါတနာ) များက ပြောမှ သိကြရပါသည်။
ဤအခြေအနေများသည် နျူကလိယပ်အတွင်းတိမ်ရှိကြောင်းထင်ရှားသည်ဖြစ်၍ မျက်စိ အထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသသင့်ပြီဖြစ်၏။
(၂)မှန်ဘီလူးအခွံမှစတင်သောအတွင်းတိမ်(Cortical cataract)
နျူးကလိယပ်စ်ကိုငုံထားသော ကြည်လင်တောက်ပသည့် အကြောမျှင်များရှိရာနေရာ မှစတင် ဖြစ်ပွားသောအတွင်းတိမ်ဖြစ်၍ Cortial cataract ဟုခေါ်ခြင်းဖြစ်၏။ အကြောမျှင်များ တဖြည်းဖြည်းခြင်း အလင်းပိတ်ရာမှတဆင့်၊အလယ်တွင်ရှိသော နျူးကလိယပ်စ်သို့ ကူးစက်သည်။ အလင်းပိတ်မှုကြောင့် မြင်လွှာ(Retina) ပေါ်သို့အလင်းတန်းများကျရာတွင်ကွက်တိ ကွက်ကြားဖြစ် နေ၍ အလင်းရောင်ကိုမြင်နေရသော်လည်း၊ ပုံရိပ်များကို ထင်ထင်ရှားရှား မမြင်ရပေ။
နျူးကလိယပ်စ်ကိုအုပ်ငုံထားသော ကြည်လင်သည့် အမျှင်ငယ်များအတွင်းပြိုကွဲမှုကြောင့် ဖိုက်ဘာဆဲလ်များမာကြောလာရာမှစတင်ဖြစ်ပေါ်လာသော အတွင်းတိမ်အမျိုးအစားဖြစ်သည်။ ၎င်း သည်ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ် ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖိုက်ဘာဆဲလ်များအတွင်း ဓါတ်ပြုမှု များပေါ်ပေါက်လာရာမှ အမျှင်ငယ်များ၏ ကြည်လင်သော အရည်အသွေးများ ကျဆင်း သွားရခြင်း ဖြစ်ပါသည်။တဖက်ချင်းစီသာ ဖြစ်လေ့ဖြစ်ထရှိသော်လည်း၊ ပုံသေသတ်မှတ်၍တော့ မရချေ။ မြင်ကွင်း၏ အဓိကနေရာမှ စ၍ဖြစ်သောကြောင့် ကားမီးရောင်ကဲ့သို့သော အလင်းတန်း များကိုမြင်လျှင် မခံနိုင်အောင်ကျိန်းစပ်သည့် ဝေဒနာကိုခံစားရ၏။ တဖြည်းဖြည်သာ မျက်စိမှုန် လာပြီး၊ အချို့သောသူများတွင် ကာလရှည်ကြာစွာ ပြောင်းလဲမှုမရှိပဲ တန့်နေခြင်းမျိုးလည်း ရှိပါ သည်။
မှန်ဘီလူးအခွံတွင်ဖြစ်ပွားသည့် ထို cortical cataract အတွင်းတိမ်၏ စတင်ဖြစ်ပွားသော သင်္ကေတကို သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။မျက်စိအတွင်းပိုင်းကို ကြည့်ရှု့စစ်ဆေးရန် ပညာရှင် များ အတွက် အထူးပြုလုပ်ထားသော ကိရိယာ(Slit-lamp, Biomicroscope)ဖြင့်ကြည့်မှသာ မြင် နိုင်၏။ ထိုကိရိယာဖြင့် ကြည့်လျှင် မှန်ဘီလူး၏ရှေ့ပိုင်း(Anterior) သို့မဟုတ် မှန်ဘီလူး၏နောက် ပိုင်း(Posterior)တို့တွင်ရှိသော နျူကလိယပ်စ်ကိုအုပ်ငုံထားသည့် ကြည်လင်သောအမျှင် (Cortex) များအကြားတွင် အက်ကြောင်းများ၊ ကွာဟနေသောနေရာငယ်များကို တွေ့ရမည်ဖြစ်သည်။
နောက်ပိုင်းတွင် ဖိုက်ဘာမျှင်များသဏ္ဍာန်မှ အရည်ပျစ်ပုံစံသို့ အမျှင်များတွဲစပ်လျှက် ပျံနှံ ပြောင်းလဲလာပြီး တဖြည်းဖြည်း အလင်းပိတ်အဆင့်သို့ရောက်ရှိလာရာမှ အတွင်းတိမ်၏ပုံစံ ပေါ် လာ၏။ ထို့သို့ သာမန်အလင်းပိတ်အဆင့်သည် မှန်ဘီလူး၏အနောက်ဖက် မှစတင်၍ ဖြစ်လာကာ မှန်ဘီးလူး၏ အရှေ့ဖက်သို့ပျံနှံပြီး၊ အလယ်ရှိ နျူးကလိယပ်စ်သို့ ကူးစက်ခြင်းဖြစ်လေသည်။
(၃)မှန်ဘီးလူးနောက်ကျောမှ စတင်သောအတွင်းတိမ်(Posterior subcapsular cataract)
အလင်းပိတ်မှုသည် မှန်ဘီး၏နောက်ကျောဖက်နှင့် အပြင်အကာ(Capsule)အတွင်းဖက်မှ စတင်ဖြစ်ပွားသောအတွင်း တိမ်ဖြစ်ပါသည်။ဆီးချိုသွေးချိုရှိသူများနှင့် စတီးရွိုက်ဆေးများသာမန် ထက်ပိုမို သုံးစွဲခဲ့ရသူများတွင် အများဆုံးတွေ့ရ၏။ ဝေဒနာရှင်သည် အလင်းရောင်မခံနိုင်ခြင်း၊ အနီးကြည့်အကွာအဝေးေ(၁၂”-၁၄”)ကို မျက်မှန်တပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ အလင်း ရောင်မြင်နေရသော်လည်း စာနှင့်ပုံရိပ်များကို မမြင်ရခြင်းများနှင့်ရင်ဆိုင်ရ၏။
မှန်ဘီလူး၏နောက်ကျောဖက် အခွံအတွင်း မှန်ဘီလူး၏အကာ (Capsule)နှင့် ကပ်လျှက် တွင် ဖြစ်သောအတွင်းတိမ်အမျိုးအစားဖြစ်ပြီး အလယ်တည့်တည့် အစက်အပျောက် အဖြစ်မှ စတင်သည်။ အခြားသောအတွင်းတိမ်များနှင့် ခြားနားသောအချက်မှာ မျက်စိနှစ်ဖက်စလုံးမှ စတင်ဖြစ်တတ်ခြင်းပင် ဖြစ်သည်။ ပမာဏတူညီမှုတော့မရှိချေ။မျက်စိပညာရှင်များ အသုံးပြုသော ကိရိယာများ(slit-lamp biomicroscope,Ophthalmoscope,Retinoscope စသည်များ) ဖြင့်ကြည့်လျှင် မှန်ဘီလူး၏ အလယ်တည်တည့်၌ အနက်ရောင် အလင်းပိတ်အကွက်ငယ်ကို တွေ့ရမည်ဖြစ်သည်။
ထိုအတွင်းတိမ်ဖြစ်လျှင် ကာယကံရှင်သည် မလင်းတလင်း၊ မှိန်ပြပြ၊မမှောင်တ မှောင် (Minidark) အခြေအနေနှင့် မိုးအုံနေသောအခြေအနေများတွင် ကြည့်ကောင်းနေတတ်၏။ သို့သော်လည်း မီးရောင်ထိန်ထိန်နှင့် နေရောင်တောက်တောက် အချိန်မျိုးများတွင်မူ အလင်း ရောင်ကိုမြင်ရသော်လည်း၊ အရာဝတ္တုပုံရိပ်များကို မမြင်ရချေ။ မိမိရှေ့တွင် ရှိနေသူကိုပင် မည်သူ ဖြစ်သည်ကို မသိတော့ချေ။ အလင်းအားနည်းသောအချိန်၌ မျက်စိသူငယ်အိမ်သည် ကျယ်နေ တတ်သည့်သဘောရှိရာ အတွင်းတိမ်ဖြစ်နေသော မှန်ဘီးလူ၏အလယ်တည့်တည့်ရှိ အကွက် ငယ်နှင့် မျက်စိသူငယ်အိမ်အကြား နေရာလွတ်မှ မြင်ကွင်းရသောကြောင့် မြင်ရခြင်းဖြစ်၏။ အလင်း ရောင်တောက်တောက်နှင့် နေရောင်အောက် သို့ရောက်သောအခါ မျက်စိသူငယ်အိမ်သည် ကျဉ်း ၍ သွားသောကြောင့် အတွင်းတိမ်ဖြစ်နေသည့် အကွက်ငယ်နှင့်မျက်စိသူငယ်အိမ်တို့သည် တစ် ထပ်တည်းကျ၍ သွားသောအခါ မြင်ကွင်းမရှိတော့သဖြင့်၊ အလင်းရောင်ကိုမြင်သော်လည်း ပုံရိပ်များကိုမတွေ့ ရခြင်းဖြစ်လေသည်။
အကယ်စင်စစ် အတွင်းတိမ်အမျိုးအစားများကို တိကျစွာခွဲခြားနိုင်ရန်မှာ မျက်စိအထူးကု ဆရာဝန်ကြီးများ (Ophthalmologist များ) ကသာ စွမ်းနိုင်ပါသည်။ စာရေးသူအနေနှင့် စာဖတ် သူများ မျက်စိကျန်းမာရေးဗဟုသုတများတိုးတက်လာစေရန်ရည်ရွယ်ချက်ဖြင့်ရေးပါသည်။ အတွင်း တိမ်သည် မည်သည့်အမျိုးအစားပင်ဖြစ်စေ ကျွမ်းကျင်သော မျက်စိခွဲစိတ်အထူးကု ဆရာဝန်ကြီး များက ခွဲစိတ်ကုသမှုပြုမှသာ ကြည်လင်သောအမြင်ကို ပြန်လည်ရရှိနိုင်သည်ဖြစ်ရာ၊ မိမိကိုယ်ကို မိမိ သံသယရှိလျှင်ရှိခြင်း မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပြသသင့်ပါကြောင်း အကြံပြုရေး သား အပ်ပါသည်။
(Ref ; https://visioneyeinstitute.com.au/eyematters/types-of-cataracts)
ပြည့်အောင်(COA)

